သမိုင်းပန်းချီပြခန်း


သမိုင်းပန်းချီပြခန်းကို ၁၉၀၃ခု (မြန်မာသက္ကရာဇ် ၁၂၆၅ခု)တွင် တည်ဆောက်ပြီးစီး၍ ဖွင့်လှစ်ပြသခဲ့ပါသည်။ တစ်ထပ်အုတ်တိုက် အဆောက်အအုံဖြစ်ပါသည်။ တည်ဆောက်စဉ်က တောင်မြောက်အလျား(၁၁)ခန်း၊ အရှေ့အနောက်အနံ(၄)ခန်း အဆောက်အအုံဖြစ်ပြီး ထိုစဉ်ကအလှူရှင်မှာ မန္တလေးမြို့ ဈေးချို ငါးပိတန်း ဇရပ်အမကြီးနှင့် သား ဆီစက်ပိုင်ရှင် ဦးသိန်းတို့မှ ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။

လက်တွေ့တိုင်းတာမှုများအရ တစ်ခန်းလျှင် (၁၀)ပေပတ်လည် အခန်းဖွဲ့ထားပြီး စုစုပေါင်းအလျား(၁၁၀)ပေ၊ အနံပေ (၆၀)ကျယ်ဝန်းပါသည်။ အဆောက်အအုံ၏ရှေ့တွင်(၁၁)ပေအကျယ်စင်္ကြံနှင့် လေသာဆောင် သုံးဆောင်ကိုတိုးချဲ့ဆောက်လုပ်ထားပါသည်။ ခေါင်မိုးကိုမမြင်စေရန် အုတ်ရိုးဖြင့်နဖူးစီး ကာရံထားပါသည်။ ပြခန်းသည် ကျောင်းဆောင်ကြီးနှင့်မျက်နှာချင်းဆိုင်တည်ရှိ၍ အနောက်ဘက်မျက်နှာပြု တည်ဆောက်ထားပါသည်။ ပြခန်းသို့ ဝင်ထွက်နိုင်ရန် ဝင်ပေါက်ကို(၈)ပေအကျယ်တံခါးမကြီး နှစ်ချပ် ဖောက်လုပ်ထားပါသည်။ ပြခန်း၏ အမြင့်ကိုတိုင်းတာရာတွင် ပြခန်းကြမ်းခင်းမှ မျက်နှာကြက်အထိ (၂၅)ပေ အမြင့်ရှိပြီး ပြန်လည်ပြုပြင်မွမ်းမံသည့်ခုနှစ်ကို အဆောက်အအုံ၏ နဖူးစီး၌ရေးထိုးထားရာ ၁၉၇၀ပြည့်နှစ် (မြန်မာသက္ကရာဇ် ၁၃၃၁ခု)ဟုတွေ့ရှိရပါသည်။ အလှူရှင်မှာ ကချင်ပြည်နယ် မိုးကောင်းမြို့၊ မြို့မရပ်ကွက်နေ ဦးမောင်စိန် ဇနီး ဒေါ်ထွေးနှင့် ညီအစ်ကို မောင်နှမတစ်စု၊ သားသမီး တစ်စုဟု ပြခန်း၏အတွင်းနံရံအောက်ခြေ၌ ကျောက်စာရေးထိုးထားပါသည်။

သမိုင်းပန်းချီပြခန်းအတွင်းရှိ ပန်းချီကားများကို ပန်းချီပညာရှင် ဦးရှိန်ထွန်း၊ ဦးတိုင်းကျော်၊ ဦးဘကြည်၊ ဦးတင်အောင် စသည့်အထင်ကရ ပုဂ္ဂိုလ်ပေါင်းနှစ်ဆယ်ကျော်ပါဝင်၍ ရေးဆွဲထားသည်ကိုလည်း တွေ့ရှိရပါသည်။ သမိုင်းပန်းချီပြခန်းသည် ဘုရားကြီး၏ သွန်းလောင်းမှုမှစ၍ သယ်ဆောင်လာပုံ အဆင့်ဆင့်၊ ခေတ်အဆက်ဆက်လှူဒါန်းမှုနှင့် ထိန်းသိမ်းလာမှုအကြောင်းအရာများကို ပန်းချီ အနုပညာဖြင့်ပုံဖော်၍လည်းကောင်း၊ ဘုရားကြီး၏ပုံတော်အမျိုးမျိုးနှင့် ဘုရားကြီး၏ ပတ်ဝန်းကျင်မြင်ကွင်းများကို ရှုထောင့်အမျိုးမျိုးမှ ပန်းချီပညာရှင်အသီးသီး၏ ဆီဆေး၊ ရေဆေး၊ ခဲပန်းချီ၊ ရွှေခြည်ထိုး၊ ပုလင်းပန်းချီ စသည်ဖြင့် ရေးဆွဲထားသော လက်ရာစုံ ပန်းချီကားချပ်များကို ချိတ်ဆွဲပြသထားပါသည်။