ဝါဆိုခြင်းလုံးအလှခတ်ပွဲတော်


ဝါဆိုခြင်းလုံးပွဲတော်ကို မန္တလေးမြို့၊ မဟာမုနိဘုရားဝန်းထဲတွင် ဇူလိုင်လရောက်တိုင်း ကျင်းပလေ့ရှိပါသည်။ တစ်နိုင်ငံလုံးရှိ ကစားသမားများသည် ဝါဆိုခြင်းလုံးပွဲတော်ကို လာရောက်ယှဉ်ပြိုင်ကြပါသည်။ ခြင်းလုံးအားကစားသည် ကစားသမားများက ၎င်းတို့၏ ကျွမ်းဘား လှုပ်ရှားမှုပုံစံများဖြင့် ခြင်းလုံးကို မြေပေါ်မကျစေရန် ယှဉ်ပြိုင်ကစားရသော ကစားနည်းဖြစ်ပါသည်။ ခြင်းလုံးအားကစားသည် အဖွဲ့ဝင်(၆) ဦး ပါဝင်သော ကစားနည်းဖြစ်ပါသည်။ ကစားသမားတစ်ဦးချင်းစီက ခြင်းလုံးကို မြေပေါ်သို့ မကျစေရန် ကစားရပါသည်။ ကစားသမားများက ၎င်းတို့၏ ခြေဖြင့်နောက်ပြန်ကန်ခြင်း၊ လှည့်ကန်ခြင်း၊ လက်ထောက်၍ ကင်းမြှီးကောက်ထောင်ခြင်း စသည့် ကျွမ်းဘား လှုပ်ရှားမှုပုံစံများဖြင့် ပြကွက်များ ပြလေ့ရှိကြပါသည်။

နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့ရိုးရာခြင်းခတ်ပညာ အားကစားကို မြတ်မြတ်နိုးနိုးတန်ဖိုးထားစေရန် နှင့် မြန်မာ့ရိုးရာခြင်းလုံးခတ်ကစားနည်း မတိမ်ကော မပပျောက်အောင်ထိန်းသိမ်းရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။ မဟာမုနိဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော် ဝါဆိုခြင်းလုံးအလှခတ်ပွဲတော်ကို (၉၅)ကြိမ်မြောက် အဖြစ် ၂၀၂၃ခုနှစ် ဇူလိုင် (၁၃)ရက် မှ သြဂုတ် (၂)ရက်နေ့ထိ နေ့စဉ် နံနက် (၈)နာရီ မှ ညနေ ၆နာရီထိ (၂၁)ရက်အကြာ ကျင်းပမည်ဖြစ်သည်။ အဆိုပါ ခြင်းလုံးအလှခတ်ပွဲတော်၌ တစ်ရက်လျှင် ခြင်းအသင်း (၂၀) သင်း အလှပြခတ်ခြင်းဖြစ်ပြီး စုစုပေါင်း ခြင်းအသင်းပေါင်း (၄၂၀)သင်း ပါဝင်ခဲ့ကြပါသည်။