ရှင်မာလဲဘုရားသည် မန္တလေးမဟာမုနိဘုရား ပရိဝုဏ်အတွင်း တွင်တည်ရှိသည်။ မူလရှင်မာလဲဘုရားနှင့်ရှင်မာလဲဘုရားဟူ၍ နှစ်ဆူရှိသည်။မူလရှင်မာလဲမှာ ဘုရားကြီးအနောက်ဘက်မုခ် ဝါဆိုခြင်းလုံးရုံ အနီးတွင် ရှိသည်။ နောက်တစ်ဆူမှာ ဘုရားကြီး မြောက်ဘက် အပြင်မီးတားတံတိုင်းအနီးတွင် တည်ရှိသည်။ ဤဘုရား၏ ထူးခြားချက်မှာ တန်ဆောင်တိုင်ပွဲတော်၌ ကြာပန်းတစ်မျိုးတည်းသာ လှူဒါန်းကြသည့်ပွဲဖြစ်သောကြောင့် စည်ကားစွာ ကျင်းပခြင်းပင် ဖြစ်သည်။

သမိုင်းကြောင်း
ရှင်မာလဲဘုရားကို ပုဂံပြည့်ရှင် အလောင်းစည်သူမင်း၏ သားတော်ကြီး မင်းရှင်စော တည်ခဲ့သည်ဟု သိရသည်။ မင်းရှင်စောသည် မန္တလေးရွှေတောင်အရပ်ဖြစ်သော ထွန်တုန်းပူတက်( ယခု ဗိုလ်တက်ကုန်း)တွင် ထီးနန်းစိုက် စံနေတော်မူစဉ်က တည်ခဲ့သည်ဟု သိရသည်။ မင်းရှင်စောသည် ရှင်မာလဲဘုရားကို တာဝတိံသာနတ်ပြည်မှ စူဠာမဏိစေတီတော် ပုံစံအတိုင်း ရည်မှန်းတည်တော်မူပြီး ကြာပန်းတစ်မျိုးတည်းသာ ကပ်လှူပူဇော်ခဲ့သည်။



နှစ်စဉ် တန်ဆောင်မုန်းလဆန်း ၁၄၊ ၁၅ ရက်ရှင်မာလဲဘုရားပွဲတော် ရောက်ပြီဆိုလျှင် မင်းရှင်စော ထီးနန်းတည်ခဲ့သည့် ဗိုလ်တက်ကုန်း၊ အောင်ပင်လယ်၊ နန္ဒါကန်နှင့် ဇောင်းကလောကန်ဒေသရွာများမှ အနွယ်တော်များသည် လှည်းများဖြင့် ရှင်မာလဲဘုရားပွဲတော်သို့ စုရုံးရောက်ရှိလာကြသည်။ လှည်းများကို ဘုရားကြီးအရှေ့ ၄၅တာကွင်းတွင် ချွတ်ပြီး ရပ်နားကြသည်။ ထိုနေ့ညစာအတွက် ပါလာသော စားအိုးစားခွက်များဖြင့် ချက်ပြုတ်စားသောက်ကြသည်။ ပြီးလျှင် ဖီးလိမ်းသန့်စင်ကာ မဟာမုနိဘုရားအား ဖူးမြော်ကြသည်။ မဟာမုနိဘုရားဖူးပြီးနောက် မိမိတို့ဒေသမှ ခူးဆွတ်လာသော ကြာပန်းများကို ရှင်မာလဲဘုရားအား တင်လှူပူဇော်ကြသည်။ အရုဏ်ဦးတွင် ရှင်မာလဲဘုရားအား ဃနာနို့ဆွမ်းကပ်လှူရန် ရည်မှန်း၍ အသင့်ယူဆောင်လာကြသော ဆန်တစ်ဆုပ်၊ ဆီတစ်မှုတ်မှအစ တတ်နိုင်သလောက် လှူဒါန်းကြသည်။ အချို့အလှူရှင်များက ဃနာနို့ဆွမ်းအတွက် နွားနို့ ညှစ်လှူရန် နို့များများထွက်သော ကလေးအမေ နွားသားအမိကို လှူဒါန်းကြသည်။ ဃနာနို့ဆွမ်းအတွက် နွားသားအမိကို လှူဒါန်းရခြင်းမှာ မိမိအတွက် ကုသိုလ်ထူးများ ရရှိရုံသာမက ကာယကံမြောက် နို့ရည်လှူဒါန်းသော နွားသားအမိလည်း နောင်ဖြစ်လေရာ ဘဝတွင် ကောင်းသောဘဝရစေခြင်းငှာ ရည်ရွယ်လှူဒါန်းကြခြင်းဖြစ်သည်။


ရသဝါဟိနီကျမ်းတွင် ရှင်မာလိယဒေဝမဟာထေရ် (ရှင်မာလဲ)သည် သီဟိုဠ်ကျွန်း၊ (ဝေရိယ)ဝိဟာရကျောင်း၌ သီတင်းသုံးနေခိုက် လေနာရောဂါ စွဲကပ်လာသဖြင့် စူဠာကလ္လရွာမှ ရွာသားတစ်ဦးထံက ဆေးယာဂု(နို့ဆွမ်း) အလှူခံ၍ ဘုန်းပေးတော်မူသည်။ လေနာရောဂါ သက်သာလာသည့်အခါ ဆေးယာဂု လှူသော ရွာသားကို တာဝတိံသာရှိ စူဠာမဏိစေတီအား ဖူးမြော်ရန် ခေါ်ဆောင်သွားခဲ့သည်။ စူဠာမဏိစေတီတော်တွင် အရိမေတ္တယျဘုရားအလောင်း နတ်သားနှင့် တွေ့ရသည်။ ထိုအပြင် အရိမေတ္တယျဘုရားပွင့်သည့်အခါ ဖူးတွေ့နိုင်စေသည့် အကြောင်းတရားများကိုလည်း ပြောပြလိုက်သည်ဆို၏။ ဤကား ရှင်မာလဲမထေရ်အား ဆေးယာဂု(နို့ဆွမ်း) ဆက်ကပ်လှူဒါန်းခဲ့သော အကျိုးပင်ဖြစ်ပေသည်။
ဤအကျိုးကြောင့်ဖြစ်သော အကြောင်းတရားကိုရည်မှတ်၍ မင်းရှင်စောက ရှင်မာလဲဘုရားပွဲတော်တွင် ဃနနို့ဆွမ်းအတွက် လှူဒါန်းသော နွားသားအမိကို ရှင်မာလဲဘုရားအနီး သတ်မှတ် ဆောက်လုပ်ထားသော နွားတင်းကုတ် မဏ္ဍပ်တွင် နွားတန်ဆာအပြည့်အစုံ ဆင်ယင်၍ ထားကြသည်။ နွားသားအမိအတွက် အကောင်းဆုံးသော မြက်စိမ်းနှင့် အစားအစာ ကျွေးမွေးပြုစုထားသည်။ အရုဏ်ဦးဆွမ်းချက်သည့်အခါ ထိုလှူထားသော နွားမကြီးထံမှ နို့ ညှစ်၍ ဃနာနို့ဆွမ်းချက်သည်။ နို့ဆွမ်းချက်သည့်နေရာတွင် အုတ်ခင်းသွတ်မိုး အဆောက်အဦးကိုလည်း သတ်သတ်မှတ်မှတ် ဆောက်လုပ်ထားသည်။ နို့ဆွမ်းကျိုချက်ပြီး အရုဏ်တက်ချိန်၌ အရုဏ်ဆွမ်းအဖြစ် ကပ်လှူပူဇော်ကြသည်။