မြန်မာ့လက်မှုအနုပညာပြခန်းသည် ယခင်ဓမ္မစကြာပြခန်း အမှတ်(၂)ပြတိုက်၏ အတွင်းပိုင်းအပြင်ပိုင်းများကို အဆင့်မြှင့်တင်ပြောင်းလဲခင်းကျင်းမှုများ လုပ်ဆောင်ထားခြင်း ဖြစ်ပါသည်။ ပြတိုက်ဝင်ပေါက်တွင် ပြခန်းဆိုင်းဘုတ်ကို ပေရွက်ပုံမြန်မာမှုဒီဇိုင်းပြုလုပ်ကာ ဖောင်းကြွစာလုံးဖြင့် မြန်မာ-အင်္ဂလိပ်(၂)ဘာသာပြုလုပ် ထားရှိထားပါသည်။ ပြခန်း ဝင်ပေါက်/ထွက်ပေါက် ထားရှိပြီး ပြခန်းလုံခြုံမှုရှိစေရန် တံခါးနှစ်ထပ်တပ်ဆင်ထားပြီး အထဲမှနေကာမှန်တံခါးတစ်ထပ်နှင့် အပြင်မှသစ်သားတံခါးများဖြင့် ဆောက်လုပ်ထားပါသည်။

ပြခန်း အပြင်ဘက်တွင် ပုဂံခေတ်ပန်းပုသစ်သားရုပ်ထုများကို ပြခန်းနှင့်လိုက်ဖက်မှုရှိစေရန် လေဟာပြင်ပြကွက်သဖွယ် ပြသထားပါသည်။ ပြခန်းတွင် ပြကွက်(၁၀)ကွက်ကို ဘီရိုဖြင့် ပြသထားခြင်း၊ ယွန်းဆွမ်းအုပ်ပြကွက်ကို တင်ခုံဖြင့်ပြသထားခြင်းနှင့် ပြခန်းအလယ်တွင် အဓိကပြသပစ္စည်းအဖြစ် ဓမ္မစကြာတရားဦးဟောဟန်ပြကွက်ကို မှန်များကာရံကာ ပြသထားခြင်း ဖြစ်သည်။ ပဉ္စဝဂီ(၅)ဦးနှင့် ဘုရားရှင်မှ ဓမ္မစကြာတရားဦး ဟောဟန်ဆင်းတုတော်ပြကွက်သာမက အများပြည်သူများ လှူဒါန်းထားသည့်ပစ္စည်းများအားလုံးကိုပြကွက်များခွဲခြား၍ ပြည့်စုံစွာခင်းကျင်းပြသထားခြင်း ဖြစ်ပါသည်။



ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့သည် ဗုဒ္ဓဘုရားရှင်ကိုရည်မှန်း၍ ဘုရား၊ ကျောင်း၊ ကန်၊ စေတီပုထိုးများတွင် ပူဇော်ဖွယ်ပစ္စည်း အမျိုးမျိုးကို ရွှေ၊ ငွေ၊ ကြေး၊ ယွန်းစသည်တို့ဖြင့် အဓိကပြုလုပ်လေ့ရှိရာ ရွှေပန်းအိုး၊ ငွေပန်းအိုး၊ ရွှေပန်းခိုင်၊ ငွေပန်းခိုင်၊ ရွှေပန်းစိုက်၊ ငွေပန်းစိုက်များကို အများဆုံးပြုလုပ်လှူဒါန်းလေ့ရှိသည်။ ငွေပန်းထိမ်လုပ်ငန်းသည် ပျူခေတ်မှစ၍မျက်မှောက်ခေတ်အထိ မြန်မာနိုင်ငံတစ်ဝှမ်းတွင် ထွန်းကားတွင်ကျယ်ခဲ့သော ပန်းဆယ်မျိုးအတတ်ပညာထဲမှ တစ်ခုဖြစ်သည်။ ထိုလက်မှု ပညာဖြင့် ဆင်းတု၊ စေတီ၊ စမ္မခဏ်တို့ကဲ့သို့ ယုံကြည်ကိုးကွယ်မှုအတွက် ရည်ရွယ်၍ ပြုလုပ် ပူဇော်သည့်အပြင် ကွမ်းအစ်၊ ထုံးဘူး၊ ဖလား၊ ပန်းအိုး၊ ကြုတ်စသည့် မြန်မာ့အသုံးအဆောင်ပစ္စည်းများသာမက ငွေလက်ကြပ်၊ ခြေကျင်း၊ ခါးပတ်ကဲ့သို့သော ငွေလက်ဝတ်အဆင်တန်ဆာများကိုလည်း ခေတ်အဆက်ဆက်လုပ်ကိုင်လာခဲ့ကြသည်။ ငွေပန်းထိမ်လုပ်ငန်းကို မန္တလေး၊ စစ်ကိုင်း(ရွာထောင်)၊ ရှမ်းပြည်နယ်၊ အင်းလေးဒေသတို့တွင် ယနေ့တိုင်လုပ်ကိုင်လျက်ရှိရာ မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဘော်တွင်းသတ္တုတွင်းမှထွက်ရှိသော ငွေ၊ သတ္တုရိုင်းများကို ကုန်ကြမ်းပစ္စည်းများအဖြစ် သုံးစွဲကြသည်ကို တွေ့ရှိရပါသည်။
ပြကွက် (၁၀)ကွက်များမှာ-
- ၁။ ဓါတ်တော်၊ ဆင်းတုတော်နှင့် အုတ်ခွက်ဘုရားများပြကွက်
- ၂။ ငွေစေတီနှင့်တံခွန်တိုင်ပြကွက်
- ၃။ ထီးတော်ပြကွက်
- ၄။ သစ်ကနက်စေတီနှင့် ဘုရား ကျောင်းဆောင်နှစ်ခုပြကွက်
- ၅။ ယွန်းထည်ပစ္စည်းများပြကွက်
- ၆။ ငွေဖလားပြကွက်
- ၇။ ငွေပန်းခိုင်၊ ငွေပဒေသာပင်နှင့် အခြားငွေထည်များပြကွက်
- ၈။ ဓါးပြကွက်
- ၉။ ငွေပန်းအိုးပြကွက် နှင့်
- ၁၀။ ကြေးထည်ပစ္စည်းများပြကွက် တို့ဖြစ်ကြပါသည်။
ထိုပြခန်းတွင် ပစ္စည်းအရေအတွက်စုစုပေါင်း(၆၂၄)မျိုး ခင်းကျင်းပြသထားပြီး ပြကွက်တစ်ခုတိုင်းတွင် အမျိုးအစားတူညီသည့်ပစ္စည်းများကိုသာ ပြသထားခြင်းဖြစ်ပါသည်။ ယခင်အမှတ်(၁)ပြတိုက်မှ ပြသပစ္စည်းများကိုလည်း ခင်းကျင်းပြသထားခြင်းဖြစ်ပါသည်။