ဗုဒ္ဓပူဇနိယပွဲတော်

မဟာမုနိဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို (၁၃၂၁)ခုနှစ်မှစ၍ နှစ်စဉ် တပို့တွဲလတွင် ကျင်းပခဲ့သည်မှာ ယနေ့တိုင် (၆၅)ကြိမ် မြောက်ရှိပြီ ဖြစ်ပါသည်။ အမရပူရနေပြည်တော်သို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး စတင်သီတင်းသုံးစဉ်ကတည်းက တောင်ပေါ်ဒေသမှ ဘာသာရေးကိုင်းရှိုင်းသော တိုင်းရင်းသားများက ကောက်ဦးကောက်သစ်ပေါ်သော တပို့တွဲလ ခြေခင်းလက်ခင်းသာချိန် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဦးဦး ဖျားဖျား ထမနဲဆွမ်းကပ်လှူကြသည်။ ထိုအစဉ်အလာကို ဆက်လက် ထိန်းသိမ်းခဲ့ရာ ယခုထိ တပို့တွဲလပွဲတော်တွင် တိုင်းရင်းသားများပါ လာရောက် ၍ ထမနဲဆွမ်းကပ်ခြင်းနှင့်အတူ ယခုနှစ်တွင် ထမနဲထိုးပြိုင်ပွဲများအထိ ကျင်းပပြုလုပ်လာကြပါသည်။ တပို့တွဲလသည် ဆောင်းနှောင်းရာသီတွင် အအေးဓာတ်လွန်ကဲမှု အစဉ်အလာရှိပြီး ထိုရာသီတွင် မြတ်စွာဘုရားရှင်အား ခြေတော်လက်တော်များ မီးကင်အနွေးဓာတ် ရစေသည်ဟု ဆိုကြ၏။ ထို့ကြောင့် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးကို တပို့တွဲလ ဗုဒ္ဓပူဇနိယပွဲနှင့် ထမနဲဆွမ်းကပ်ခြင်း၊ ပင့်သံဃာတော်များအား စာရေးတံမဲလောင်းလှူခြင်းများနှင့်အတူ လပြည့်နေ့အာရုဏ်တက်၌ နံ့သာမီးပုံထင်းများလည်း ဆက်ကပ်ကြသည်။ ရှေးက ရုံဇာတ်ကြီးများ ထွန်းကားစဉ်က မဟာမုနိ တပို့တွဲပွဲတွင် ရုံဇာတ်ကြီးများ၊ ဗလာဇာတ်များ၊ ကြည့်ချင်ပွဲအငြိမ့်များ၊ ဗလာဆိုင်းများအပြင် ခြင်းပွဲများ၊ လူငယ်ဘောလုံးပြိုင်ပွဲများ စည်ကားစွာ ကျင်းပခဲ့ကြသည်။ ဘုရားပွဲတွင် မီးဖိုကြီးများဖို၍ ကောက်ညှင်း၊ အုန်းသီး၊ ချင်း၊ နှမ်းတို့ဖြင့် ထမနဲထိုး၍ သံဃာတော်များကို လောင်းလှူကြပါသည်။ ထို့အပြင် ဦးရွှေရိုး၊ ဒေါ်မိုး အကကဲ့သို့သော ရိုးရာဖျော်ဖြေပွဲများကို ပြုလုပ်ကြပါသည်။