ဗဟိုရ်စင်


မဟာမုနိဘုရားကြီးရှိ ဗဟိုရ်စင်သည် သက္ကရာဇ် ၁၃၂၁ခု၊ ကဆုန်လပြည့်ကျော် ၇ရက်နေ့၌ မန္တလေးရတနာပုံမြို့တည်နန်းတည်နှစ်၁၀၀ပြည့် အထိမ်းအမှတ်အဖြစ် မန္တလေးမြို့၊ ဆိုင်းတန်းရပ် သစ်ပွဲစား ဦးညီ ဇနီး ဒေါ်ရင်၊ သား ဒုတိယအတွင်းဝန် ဦးလှစိုး (ဇနီး) ဒေါ်ညွန့်ညွန့်ဝင်းနှင့် သားမြေးများက မဟာမုနိဘုရားကြီး၏ တနင်္ဂနွေထောင့်၌ တည်ထားခြင်းဖြစ်ပါသည်။

ဗဟိုရ်စင်၏အနောက်ဘက်တံတိုင်းကပ်လျက်တွင် သက္ကရာဇ် ၁၁၇၃ ခု တပို့တွဲလပြည့်ကျော် ၆ ရက် ရတနာသိင်္ဃ ကုန်းဘောင်မြို့တော်ကြီးကို တည်ထောင်တော်မူသော အလောင်းမင်းတရားကြီး၏ မြေးတော် အမရပူရ ပထမမြို့တည်နန်းတည် ဘိုးတော် ဗဒုံမင်းတရားကြီး၏ သားတော် (သီရိမဟာဓမ္မာဘိဇယသီဟသူရ)ဘွဲ့ခံ အိမ်ရှေ့မင်းသားနှင့် နှမတော် သီရိကလျာစန္ဒာဒေဝီ တို့လှူဒါန်းသောခေါင်းလောင်းတော်ကြီးကို မြင်တွေ့ရမည် ဖြစ်ပါသည်။

ကြေးပိဿာချိန် ၁၅၀၀ကျော်(တစ်ထောင့်ငါးရာကျော်) ဖြစ်သည်ကိုလည်း သိရှိရပါသည်။ ထိုခေါင်းလောင်းတွင် အိမ်ရှေ့မင်း၏ အမည်ကို ရေးထိုးထားသည်ကိုလည်း တွေ့ရှိရပါသည်။