ပြတိုက်များ

မဟာမုနိဘုရားကြီးရှိ ပြတိုက်များသည် ဂေါပကအဖွဲ့၏ စီမံအုပ်ချုပ်မှုအောက်တွင် တည်ရှိပြီး၊ ဘာသာရေးဆိုင်ရာ ပြတိုက်အမျိုးအစားတွင် ပါဝင်ပါသည်။ ဘုရားကြီး၏ တန်ခိုးတော် ထင်ရှားမှု၊ ဗုဒ္ဓဘာသာဝင်များ၏ ကြည်ညိုသဒ္ဓါတရား ပွားများမှုတို့ကြောင့် အဖိုးတန်ရတနာများ၊ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ပစ္စည်းများစွာ အလှူလက်ခံရရှိသည်ကို အရုဏ်ခံတန်ဆောင်းများတွင် သိမ်းဆည်းထားရာမှ ပြတိုက်ပြခန်းများ ဖြစ်ပေါ်လာရပြီး ဂေါပကအဖွဲ့မှ သြဝါဒါစရိယ ဆရာတော်ကြီးများ၏ လမ်းညွှန်မှုဖြင့် ဘက်စုံမွမ်းမံပြုပြင်မှု လုပ်ငန်းဆောင်ရွက်ချက်များကြောင့်လည်း ပြတိုက်ပြခန်းများ ဖြစ်ပေါ်လာရပါသည်။

ဘိုးတော်ဘုရားလက်ထက် ပြာသာဒ်တော်ကြီး တည်ဆောက်စဉ်ကပင် အတိုင်းတိုင်း အပြည်ပြည်မှ ရဟန်းရှင်လူပြည်သူတို့ လှူဒါန်းသော အဖိုးတန်ရတနာများကို ဘုရားကြီး၏ ပတ်လည်တွင် တဲတန်ဆောင်းများထားရှိ၍ ပြာသဒ်တော်ကြီး တည်ဆောက်မှုမပြီးမီ အပူဇော်ခံ ထားရှိကြောင်း သိရှိရပါသည်။ ဘုရားကြီး၏ပြတိုက်အဖြစ် ပထမဆုံးတည်ဆောက်ခဲ့သော အဆောက်အအုံသည် တောင်စောင်းတန်း အနောက်ဘက်အတွင်းတံတိုင်းကိုဖြတ်၍ အုတ်တိုက်
အလျားရှစ်ခန်း၊ အနံလေးခန်းကို ဘဏ္ဍာတော်ငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ထိုအုတ်တိုက်ကိုဖျက်၍ ၁၉၆၀ခုတွင် ပြတိုက်အမှတ်(၁)နှင့် ပြတိုက်အမှတ်(၂)ကို တည်ဆောက်ခဲ့ပြီး ပြတိုက်အဟောင်းမှ ပစ္စည်းများကို ရွှေ့ပြောင်းပြသခဲ့ပါသည်။ မဟာမုနိဘုရားကြီး သမိုင်းပန်းချီ ပြခန်းသည် ၁၈.၁၂.၈၂ခုတွင် ဂေါပကအဖွဲ့မှ ပြခန်းလုပ်ငန်း စတင်အကောင်အထည်ဖော်၍ ၁၉၈၅-ခုနှစ်တွင် ဖွင့်လှစ်ပြသခဲ့ပါသည်။ ၁၉၉၀ပြည့်နှစ်တွင် သမိုင်းပန်းချီပြခန်း တိုးချဲ့ဆောင်ရွက်မှု လုပ်ငန်းကို ဆောင်ရွက်ခဲ့ပါသည်။ မဟာမုနိဘုရားကြီးဂေါပကအဖွဲ့မှ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို တပို့တွဲလဆန်း(၁)ရက်မှ (၁၄)ရက်နေ့အထိ အရှေ့၄၅တာ၊ အနောက် ၄၅ တာကွင်းတို့တွင် ပျော်ပွဲရွှင်ပွဲများဖြင့် ကျင်းပချိန်၌ အရှေ့ ၄၅ တာကွင်းတွင် မဟာဗုဒ္ဓဝင်ပြပွဲကို ဟိန္ဒူဘာသာရေးအဖွဲ့မှ နှစ်စဉ်လာရောက် ပြသပါသည်။ အမြဲတမ်းပြခန်း ပြသနိုင်ရန် ဂေါပကအဖွဲ့မှ ၁၉၈၄ ခုနှစ်တွင် ပြတိုက်တည်ဆောက်ရန် လုပ်ငန်းအကောင်အထည်ဖော်ခဲ့ပါသည်။

ဘုရားကြီးရှိ ပြတိုက်ပြခန်းများ ဖွင့်လှစ်ပြသခြင်း၏ ရည်ရွယ်ချက်မှာ ဘုရားကြီးကို ဖူးမြော်ကြည်ညိုရန် လာရောက်ကြသည့် ရဟန်းရှင်လူ ပြည်သူအပေါင်းတို့အား လှူဒါန်းမှု အစုစုကို ကြည်ညိုသဒ္ဓါတရား ပွားများစေနိုင်ရန်၊ မဟာမြတ်မုနိဘုရားကြီး၏ သမိုင်းကြောင်းကို သိရှိစေရန်နှင့် ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူသော တရားဒေသနာတော်များကို သိရှိလိုက်နာပြီး သာသနာထွန်းကားပြန့်ပွားစေရန် ဖွင့်လှစ်ပြသထားရှိခြင်း ဖြစ်ပါသည်။


ခင်းကျင်းပြသထားသော ပြတိုက်များ