မဟာမုနိဘုရားကြီးသို့လာရောက်ကြည်ညိုဖူးမြော်ကြသော နိုင်ငံခြားသားများအနက် အချို့သည်ယင်းတို့ နိုင်ငံမှထုလုပ်ကိုးကွယ်သည့် ဆင်းတုတော်များ၊ စေတီတော်များ၊ ရွှေနှင့်ငွေပန်းခိုင်များ၊ ကြာဖူးများ၊ ရွှေနှင့်ငွေဗောဓိညောင်ပင်များ၊ ဆီမီးခွက်များ၊ ကြာပန်းအိုးများ၊ သပိတ်များ၊ အမွှေးတိုင်များအစရှိသည့် ဗုဒ္ဓဘာသာဆိုင်ရာပူဇော်ဖွယ်ပစ္စည်းများကိုလှူဒါန်းလေ့ရှိသည်။ ထို့အပြင်အခြားဘာသာဝင်များ၏ ယုံကြည်ကိုးကွယ်မှုဆိုင်ရာဖြစ်သော ကွမ်ရင်မယ်တော်၊ ဥတည်ဘွားစသည့်ရုပ်တုများကိုလည်းကောင်း လှပအနုပညာလက်ရာမြောက်သောနိုင်ငံတကာ အသုံးအဆောင်ပစ္စည်းများဖြစ်သည့် ကြွေပန်းအိုးအမျိုးမျိုး၊ ဖန်ထည်ပစ္စည်းများ၊ ကြွေဆွမ်းအုပ်၊ ကြွေပန်းကန်လုံး၊ ကြွေပန်းကန်ပြားစသည်တို့ကို လှူဒါန်းခဲ့ကြရာ ယင်းပစ္စည်းများ စုပေါင်းခင်းကျင်းထားရှိခြင်းကို ပြည်ပလှူဖွယ်ပစ္စည်းများဟု အမည်မှည့်ထားသည်။

ထိုသို့ လှူဒါန်းရာတွင်အများဆုံးမှာ ထိုင်းနိုင်ငံဘုရားဖူးအဖွဲ့မှဖြစ်ပြီး ဒုတိယအများဆုံးမှာ တရုတ်ဘုရားဖူးအဖွဲ့မှဖြစ်သည်။ ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများဖြစ်သည့် လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာနိုင်ငံများမှလှူဒါန်းသည်ကိုတွေ့ရသလို အချို့ကြွေပန်းကန်ပြားများမှာ Made in England ဟုရေးထိုးထားပြီး နိုင်ငံခြားသားများသာမက နိုင်ငံခြားသို့သွားရောက်စုဆောင်းခဲ့သည့် မြန်မာနိုင်ငံသားများလည်းလှူဒါန်းခဲ့ကြောင်းကိုတွေ့ရှိရသည်။ သာမန်နိုင်ငံခြား ဘုရားဖူးများသာမက နိုင်ငံတော်အဆင့်ဧည့်သည်တော်များအဖြစ် လာရောက်ဖူးမြော်သော ဧည့်သည်တော်များကလည်း လှူဒါန်းမှုများရှိသည်။

၁၉၉၇ခုနှစ်တွင် ထိုင်းနိုင်ငံ မိုင်းဖုန်း ဆရာတော်ဘုရားမှ ဓမ္မစကြာတရားဦးဟောဟန်ဆင်းတုတော်ကိုလည်းကောင်း၊ (၈.၂.၂၀၁၀) ရက်နေ့တွင်လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံတော်သမ္မတမစ္စတာနိုဟောက်ဖုန်ဆဖန်မှ စကျင်ကျောက်ဆင်းတုတော်ကြီးအားလည်းကောင်း၊ (၂၀.၆.၂၀၁၃)ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြတ်စွာဘုရားစွယ်တော်ပွားတစ်ဆူကို ကျောင်းဆောင်နှင့်တကွလည်းကောင်း လှူဒါန်းခဲ့ရာ ဤပြခန်းတွင်ဖူးမြော်ကြည်ညိုနိုင်ပါသည်။ ပြခန်းတွင် ဝင်ပေါက်ထွက်ပေါက် များပါရှိပြီး ပြခန်းအဝင်တံခါးထိပ်တွင် ပြခန်းဆိုင်းဘုတ်ကို မြန်မာမှု ဒီဇိုင်းပေရွက်ပုံ ကျွန်းပြားတွင် ကနုတ်ပတ်လျက်ဖောင်းကြွစာလုံးဖြင့် မြန်မာ-အင်္ဂလိပ်(၂)ဘာသာဖြင့် ရေးထိုးထားပါသည်။ ပြခန်း၏အရှေ့ဘက်တွင် တရုတ်ပြည်မှပေးအပ်သောစွယ်တော်ပွားကို ပြသထားရှိထားပါသည်။ စွယ်တော်ပွား၏ညာဘက်တွင် H.E Dr.Phouthong SENGAKHON, Minister to the Prime Minister’s office, Lao People’s Democratic Republic မှလှူဒါန်းသည့် ဘူမိဖဿမုဒြာစကျင်ကျောက်ဆင်းတုတော်ကို တင်ခုံ ၂ပေ အမြင့်ရှိ မှန်စီရွှေချပလ္လင်ပေါ်တွင် စမ္မခဏ် ၆လက်မ ပြုလုပ်၍ ပြသထားရှိထားပါသည်။
မဟာမုနိဘုရားကြီးသို့လှူဒါန်းထားကြသော ထိုင်း၊ သီရိလင်္ကာ၊ အိန္ဒိယ၊ တရုတ်စသည့် နိုင်ငံစုံလက်ရာ ဗုဒ္ဓဆင်းတုတော်များနှင့် အခြားပူဇော်ဖွယ်ပစ္စည်းများ ဘီရိုအတွင်း ထည့်သွင်း၍ ပြသထားပါသည်။ စွယ်တော်ပွား၏ဘယ်ဘက်တွင် မိုင်းဘုန်းဆရာတော်မှ လှူဒါန်းထားသည့် ဓမ္မစကြာတရားဦးဟောဟန် ရွှေဆင်းတုတော်ကို ပလ္လင် ၁ပေ အမြင့်ဖြင့် ပြသထားပါသည်။ ဝင်ပေါက်ဘေးနံရံ၏ ညာဘက်တွင် ကွမ်ရင်မယ်တော်ရုပ်ထုကို ပြသထားရှိပါသည်။ တရုတ်စွယ်တော်ပွားနှင့်မျက်နှာချင်းဆိုင်တွင် ကြွေထည်ပစ္စည်းအမျိုးမျိုးကို ခင်းကျင်းပြသထားပါသည်။ ကြွေရေတကောင်း၊ ကွမ်ရင်မယ်တော်ရုပ်များနှင့် ကြွေပန်းကန်လုံးများကို ဘီရိုနောက်ဘက်နံရံတွင် ပစ္စည်းနှင့်ငါးဖမ်းကြိုးကိုချည်ကာ ခင်းကျင်းပြသထားပါသည်။ မဟာမုနိဘုရားကြီးသို့ လှူဒါန်းထားကြသော နိုင်ငံခြားလက်ရာ ကြွေထည်ပစ္စည်းအမျိုးမျိုးဟူသည့် အုပ်စုလိုက် ခေါင်းစဉ်စာတမ်းကို မြန်မာ-အင်္ဂလိပ်(၂)ဘာသာဖြင့် ရေစိုခံစတစ်ကာပေါ်တွင် ရေးထိုးထားပါသည်။
ဥတည်ဘွားနတ်ရုပ်၊ ကြွေပန်းအိုး အကြီးအသေးများ၊ ဖန်ကလာပ်၊ ကြွေဆွမ်းအုပ်များ၊ တရုတ်ရိုးရာ နတ်ရုတ်များ၊ ကြွေရေနွေးခရားအိုးများ၊ ကြွေဇလုံကြီး၊ ကြွေလင်ဗန်း၊ ကြွေပန်းကန်လုံးများစသည့် လှပအနုပညာလက်ရာမြောက်သော နိုင်ငံတကာအသုံးအဆောင်ပစ္စည်းများဖြစ်သည့် ကြွေပန်းအိုးအမျိုးမျိုး ကြွေထည်ပစ္စည်းစုစုပေါင်း(၅၇)မျိုးကို ပြသထားရှိပါသည်။ ကြွေထည်ပစ္စည်းများတွင် တရုတ်နိုင်ငံ၊ အင်္ဂလန်နိုင်ငံတံဆိပ်များပါရှိသည်ကို တွေ့ရှိရပါသည်။ ထို့အပြင်ပြခန်းဝင်ပေါက်နှင့် မျက်နှာချင်းဆိုင် တောင်ဘက်နံရံတွင်ကပ်လျက်တွင် ဗုဒ္ဓဘာသာဆိုင်ရာပူဇော်ဖွယ်ပစ္စည်းများစသည့် ပြသပစ္စည်း(၆၆)မျိုးကို ခင်းကျင်းပြသထားပါသည်။