ပိဋကတ်တိုက်ပြခန်း

မဟာမုနိပိဋကတ်တိုက်တော်ကြီးကို သက္ကရာဇ်၁၃၃၀ခုနှစ်တွင် တည်ဆောက်ခြင်းဖြစ်သည်။ ဘဏ္ဍာဂါရိကသြဝါဒါစရိယအဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တဣန္ဒာသဘ ဟံသာဝတီ ဆရာတော် ဘုရားကြီးကိုအမှူးပြု၍ မိုးကုတ်မြို့၊ ရှမ်းတောရပ် ဒေါ်သော်၊ ဒေါ်အုန်းတင်နှင့် ဦးသိန်းမောင် ဇနီး ဒေါ်လှဝင်း သားများက ဆောက်လုပ်လှူဒါန်းကြပါသည်။ ပိဋကတ်တိုက်ပြခန်းသည် တစ်ထပ်အဆောက်အဦးဖြစ်ပါသည်။ ပြခန်းအတွင်းတွင် ပိဋကတ်သုံးပုံကျမ်းစာအုပ်များ၊ ပေ၊ ပုရပိုက်များကို (အလျား၈ပေ၆လက်မ အနံ၂ပေ၆လက်မ အမြင့်၁၂ပေ၁၀လက်မ) ရှိသော နှစ်ဆင့်ဘီရိုများတွင် ပြသထားခြင်းဖြစ်ပါသည်။ ပြခန်းအတွင်းရှိ ကျမ်းစာအုပ်များအား လာရောက်လေ့လာဖတ်ရှုနိုင်ရန် စားပွဲအရှည်နှင့်ထိုင်ခုံများထားရှိပေးထားပါသည်။ ထို့အပြင် ၂၄ ပစ္စည်းပဌာန်းကိုရုပ်ပုံအပြင် မြန်မာ-အင်္ဂလိပ်(၂)ဘာသာဖြင့် ရေးသားထားသည်ကို တွေ့ရှိ နိုင်ပေမည်။ ဝင်ပေါက်ထွက်ပေါက် ပါရှိပါသည်။ ပြခန်းအလယ်တွင် မောင်ဝင်းသိန်းဦး(ခ) မောင်ကျော်ကျော်ဝင်းနှင့် မောင်ဝင်းသိန်းနိုင်၊ ရှမ်းတောရပ်၊ မိုးကုတ်မြို့တို့မှ မန္တလေးမြို့ ဘုရားကြီးတိုက် (အဂ္ဂမဟာပဏ္ဍိတ) ကျေးဇူးရှင် ဟံသာဝတီဆရာတော် (ဦးဣန္ဒာသဘ) ပုံတော် ပလာစတာရုပ်ထုကို မှန်ကောင်တာဖြင့်ထားရှိသည်ကို ဖူးမြင်နိုင်မည်ဖြစ်ပါသည်။ အခန်း၏ အလင်းပေးစနစ်ကိုမူ လေးပေမီးချောင်းများကိုသာ အသုံးပြုထားကြောင်းတွေ့ရ ပါသည်။ ကျမ်းစာအုပ်များ၊ ပေ၊ ပုရပိုက်များကို ပျက်စီးမှုမရှိစေရန် ဘီရိုတိုင်းတွင် ပရုတ်လုံးများ ထည့်ထားပါသည်။ လေအေးပေးစနစ်တွင် ပန်ကာများကိုသာ အသုံးပြုထားပါသည်။ ယင်းပြခန်းတွင် အစောင့်အနေဖြင့်သီးသန့်မရှိဘဲ ပြတိုက်ရုံးခန်းဖြစ်သည့်အတွက် ပြတိုက်မှူး နှင့် ပြတိုက်စာရေးများရှိသည့်အတွက် အထူးအစောင့်ထားရန်မလိုအပ်ပေ။ မဟာမုနိ ကျောက်စာများကို လေ့လာလိုပါက ယခုပြခန်းတွင်လေ့လာနိုင်သည့်အပြင် ဘုရားကြီး၏ ငါးကန်တောင်ဘက်တွင်ရှိ မဟာမုနိဘုရားကြီး၏မုနိအလင်းစာကြည့်တိုက်တွင် လေ့လာနိုင်မည် ဖြစ်ပါသည်။