၁၁၄၆ခု ပဒုံမင်း၏သားတော် အိမ်ရှေ့ဥပရာဇာသည် ဓညဝတီရခိုင်ပြည်ကိုအောင်နိုင်စဉ်အခါက မဟာမုနိဘုရားရှင်နှင့်အတူ ယူဆောင်ခဲ့သောကြေးရုပ်များဖြစ်သည်။ ရခိုင်ပြည်မှ ယူဆောင်ခဲ့သော်လည်းရခိုင်ကြေးရုပ်များမဟုတ်ပါ။ ယိုးဒယားက ကမ္ဘောဒီးယားမှသိမ်းယူလာသော ကမ္ဘောဒီးယားခမာကြေးရုပ်များဖြစ်သည်ကို သမိုင်းမှတ်တမ်းများအရသိရှိရပါသည်။ ကြေးရုပ်များသည် ဘကြီးတော်ကျော်ထင်နော်ရထာလက်ထက် ယိုးဒယားမှရရှိခဲ့သော ကြေးရုပ်များဖြစ်သည်။ ၉၆၁ခုနှစ်တွင် ယိုးဒယားဘုရင်ဗြနရာဇ်သည် တောင်ငူသို့ တိုက်ခိုက်သောအခါ မြန်မာဘက်မှ ရခိုင်ဘုရင်မင်းရာဇာစစ်ကူသဖြင့် တစ်လခန့်အကြာ တောင်ငူမှယိုးဒယားဘုရင်ခွါရလေသည်။ စစ်ရေးနိမ့်သည့်အပြင် ညီတော်ဗြသမွှန်ကိုလည်း လက်ရအမိခံရ၍ ယိုးဒယားရှိလက်နက်များနှင့်လဲလှယ်ပြီး ယူရလေသည်။ ဤသို့သောအခါက ရခိုင်ဘုရင်၏ ကျေးဇူးရှိလေသောကြောင့် တောင်ငူမင်းကရခိုင်ဘုရင်မင်းရာဇာအား အမျိုးမျိုးသောဘဏ္ဍာများကိုလက်ဆောင်ပေးရာတွင် ဤကြေးရုပ်များလည်းပါဝင်ခဲ့သည်။ ယိုးဒယားသို့ရောက်ရှိသည်မှာ ကာလကြာပြီးနောက် ယိုးဒယားမင်းဗြသာဓိပတိရာဇအရုပ်၊ မိဖုရားကြီးအရုပ်၊ ယိုးဒယားမင်းဆရာအရုပ်၊ ဧရာဝဏ်(ခေါ်)ခေါင်းသုံးလုံးနှင့်ဆင်ရုပ်၊ ယိုးဒယားတို့ကိုးကွယ်သောရာမရုပ်၊ ဟာနုမာန်မျောက်ရုပ်၊ အလမ္ပါယ်သမားအရုပ် အစရှိသည်ဖြင့် ခေါ်ဝေါ်သည်ဟုသိရှိရပါသည်။ အထက်ဖော်ပြပါ ကြေးရုပ်များမှ ကြေးရုပ်(၁၅)ရုပ်ကို ၁၁၄၆ ခုနှစ် မဟာမုနိဘုရားကြီးပင့်ဆောင်သည့်အခါ မန္တလေးသို့ ယူဆောင်ခဲ့လေသည်။

ထိုကြေးရုပ်များကို ဘုရားကြီးအတွင်းမထားရှိပဲ အာနန္ဒာဘွဲ့တော်တွင်ရှိသော ဘုရား၏အင်္ဂါထောင့် သိန္နီပြာသာဒ်တော်ကြီးအတွင်းဝယ် ရှေးအခါကထားရှိကြောင်းသိရှိရပေသည်။ ထိုစဉ်အခါက ၎င်းအာနန္ဒာဘုရားမှာ ယခုကဲ့သို့ပြုလုပ်ထားခြင်းမဟုတ်ပဲ ကျွန်းပြသာဒ်တော်ကြီးဖြင့် တည်ရှိခဲ့ရာ ပုဂံမင်းလက်ထက်မတိုင်မှီက အဆောက်အဦဖြစ်၍ အိုမင်းရင့်ဆွေးသည့်အခိုက် မြေငလျင်ဒဏ်ကြောင့် ၎င်းပြာသာဒ်ကြီးပြိုကျရာ ထိုကြေးရုပ်များကိုထိခိုက်မိသဖြင့် ကျိုးပဲ့ ပျက်စီးခဲ့သောကြောင့် ဤမျှလောက်သာ ကျန်ရှိလေတော့သည်။ ကြေးရုပ်များတွင် ယိုးဒယားတို့ကိုးကွယ်သော ရာမရုပ်ကိုယိုးဒယားများသည် အမြတ်တနိုးထားလျက် ကိုးကွယ်ပုံမှာ(၉၆)ပါးဝေဒနာတစ်ခုခုခံစားကြရသည့်အခါ အမွှေးနံ့သာရေ၊ ရွှေရေ၊ ငွေရေတို့ကို ဦးထိပ်မှလောင်း၍ အောက်တွင်ဖလားစသည်ခံလျက် ရေများကိုယူပြီး ရောဂါပျောက်ကင်းရန်ဆုတောင်း၍ သောက်သုံးကြလေသည်။ မြန်မာတို့သုံးစွဲနေပုံကို မြင်ရသည်ကား မျက်စေ့နာလျှင် မျက်စိကိုပွတ်၊ ဗိုက်နာလျှင် ဗိုက်ကိုပွတ်၊ ဒူးနာလျှင် ဒူးပွတ်စသည်ဖြင့် အဓိဋ္ဌာန်ပြုလုပ်ကြသည်ကို တွေ့ရလေသည်။ ၎င်းကြေးလူရုပ်တစ်ရုပ်မှာ အမြင့် ၈ပေ ရှိလျက်၊ တစ်ရုပ်မှာအမြင့်၇ပေရှိသည်။ ၇ပေရှိကြေးလူရုပ်တစ်ရုပ်မှာ ခြေချောင်း ၁၀ ချောင်းစလုံး၌ လက်စွပ်ကဲ့သို့အကွင်းများရှိလေသည်။ ၎င်းအရုပ်(၂)ရုပ်ကို ယိုးဒယားအခေါ်အားဖြင့် ထေဝရုပ်ဟုခေါ်ကြောင်း၊ ဗမာလို ပီသစွာအသံထွက်လျှင် ဒေဝရူပပင်ဖြစ်သည်။ နတ်ရုပ်ဟုလည်းခေါ်ပါသည်။ ရာဇဝင်အရ ဧရာဝဏ်(ခေါ်)ခေါင်းသုံးလုံးရှိသော ဆင်ရုပ်ကို ယိုးဒယားအခေါ်အားဖြင့် ချန်းစမ်းစင်(ရ်)ဟုခေါ်သည်။ မြန်မာပြည်၌ ခြင်္သေ့၊ ဒေါင်းစသည်တို့ကို ပိုက်ဆံများ၌ အမှတ်အသားအသုံးပြုလာသကဲ့သို့ ယိုးဒယားပိုက်ဆံများကိုလည်း ဆင်ခေါင်းသုံးလုံးပုံကို အသုံးပြုကြသည်ကို တွေ့ရှိရသည်။ ခြင်္သေ့ရုပ်ကို ယိုးဒယားအခေါ်အားဖြင့် ရာဂျာစီဟဟုခေါ်သည်။ ယခုအခါ ၎င်းအရုပ်များ၏အကြောင်းအရာမျှကိုသာ ယိုးဒယား၌ အဆင့်ဆင့်ပြောဆိုကြလျက် ယိုးဒယားတွင်ကား ၎င်းအရုပ်များမရှိတော့ပဲ ယခုမြန်မာပြည် ဘုရားကြီးအတွင်းရောက်မှ တွေ့ရတော့ကြောင်း ယိုးဒယားသာသနာပြုဘုန်းကြီးတစ်ပါးမှ ပြောပြဖူးကြောင်းသိရှိရပါသည်။

ဘုရားကြီးအတွင်းဝယ် ၎င်းအရုပ်များကို ရှေးအစဉ်အဆက်က အလွတ်ထားခဲ့သော်လည်း ၁၃၁၇ခုနှစ်တွင် မန္တလေးမြို့၊ ဝါးတန်းရပ်၊ ဒေါ်ဖွားအို(သား) ဦးထောင်လောင်သည် ဘဏ္ဍာတော်ထိမ်းလူကြီးဖြစ်စဉ်က (အလျား၂၇ပေ x အနံ၁၂ပေ)ရှိသော အုဋ္ဌ်တိုက် ပြုလုပ်လျက်ကောင်းစွာထားရှိခဲ့လေသည်။ ယခုအခါတွင် လူအများကြေးရုပ်များကို ကိုင်တွယ်ခွင့်မပြုတော့ပဲ မှန်ကာရံကာစနစ်တကျထားရှိ၍ ရေရှည်ခိုင်ခံ့မှုရှိစေရန် လုပ်ဆောင်ထားပါသည်။ အုဋ္ဌ်တိုက်ဆောက်လုပ်သည့် ခုနှစ်မှာ ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)ရေးသားသည့် မဟာမုနိဘုရားကြီးသမိုင်းကြောင်းတွင် ကြေးရုပ်ပြတိုက်အဆောက်အဦသည် ၁၃၁၇ ခုနှစ်ဟု ရေးသားထားသည်ကိုတွေ့ရှိရပြီး ရာဇဝင်သမိုင်းကျမ်းပြုသူ အရှင်ဆရာတော် ဦးပဏ္ဍိစ္စ ရေးသားသည့် မဟာမုနိဘုရားကြီး သမိုင်းကြောင်းတွင် ၁၃၁၃ခုနှစ်ဟု ရေးသားထားသည်ကို မူကွဲအဖြစ်တွေ့ရှိရပါသည်။ ၁၅.၅.၂၀၁၇ ခုတွင် ကြေးရုပ်ပြခန်းကို အဆင့်မြှင့်တင် ပြောင်းလဲခင်းကျင်းမှုလုပ်ငန်းများ လုပ်ဆောင်ရာမှ ၂၂.၄.၂၀၁၈ရက်နေ့တွင် အများပြည်သူသို့ ဖွင့်လှစ်ပြသခဲ့သည်။




