
မဟာမုနိကျောက်စာရုံသည်မဟာမုနိဘုရားအနောက်တောင်ဒေါင့်တွင် တည်ဆောက်ထားခြင်းဖြစ်ပါသည်။ သက္ကရာဇ် ၁၁၅၆ခု၊ ပြာသိုလဆန်း၅ရက်နေ့ နာခံတော်ဇေယျပြန် ဘိုးတော်ဘုရား အမိန့်တော်၌ နိုင်ငံတော်အတွင်း အရပ်ရပ် ကျောင်း ဘုရားကျောက်စာဖတ် မိုးတာ မြေကျွန်သီးတော်များမှာ တွင်းသင်းဝန်မဟာစည်သူ(ဦးထွန်းညို)က လွှတ်တော်သို့ စာရင်းတင်၍စာဆက်စေသည်။ ရွှေမြို့တော်နယ်တွင်းရှိ ၂၄ဌာနနှင့် နိုင်ငံတော်အဝန်းကျောင်းဘုရားများမှ ကျောက်စာသိမ်းအမိန့်တော်အရ ဘုရားကျောင်းများကို အမိန့်တော်ရင်းအတိုင်း မြေပယ်လဲလှယ်သီးသန့်ရှင်းလင်းပြီး ကျောက်စာအသစ်နောက်တိုးကျောက်စာများထိုးမှတ်စေသည်။ ကျောက်စာများကိုလည်း မဟာမုနိအရံအတွင်း ကျောက်စာဂူတိုက်မှာ ကောင်းမွန်အောင်သွင်းထားစေသည်။ ဘုရားကျောင်းရှိရာမှာလည်း ကျောက်စာထိုး၍ အသီးသီးဂူနှင့်ထားစေသည်။ ကျန်သည့်ကျောက်စာများကို အမိန့်တော်ရင်းအတိုင်း ကုန်စင် အောင်သိမ်းစေသည်။ ဘိုးတော်ဘုရားလက်ထက် သက္ကရာဇ်၁၁၄၆ခု၊ တန်ခူးလပြည့်ကျော် ၇ရက်နေ့ ကျော်စွာနော်ရထာပြန်အမိန့်တော်အရ ကျောက်စာများကို ကူးယူဖတ်နာစေကြောင်း တွေ့ရှိရသည်။
၁၁၄၆ခု၊ ကဆုန်လပြည့်ကျော် ၉ရက်နေ့ နာခံတော်ကျော်စွာနော်ရထာပြန်စာ အမိန့်တော်အရ ကျောက်စာကူးယူဖတ်နာရာ၌ ကျေးရွာသားတို့လိုက်မလာစေဘဲ ကျောက်စာရှိရာအရပ်သို့ ကျောက်စာကူးသူက ရဟန်းတော်များကိုပင့်ဖိတ်ပြီး သာသနာတော်မူဖြစ်၍ ကြည့်ရှုကူးယူဖတ်နာစေကြောင်း တွေ့ရသည်။ သို့သော်ဘုရင့်အမိန့်တော်ကို နားမရှင်းသော အမှုထမ်းများကြောင့် ကျောက်စာများကိုရှာဖွေတူးဖော်ကြရာ ပျက်စီးသည်များရှိခဲ့သည်။
တစ်ဖန် နေပြည်တော်သို့ပို့ရာတွင်လည်း ခရီးလမ်း၌ပျက်စီးသည်များရှိသည်။ နေပြည်တော်သို့ရောက်ပြီးနောက် ခေတ်အဆက်ဆက်ပျက်စီးသည်လည်းရှိသည်။ မဟာမုနိပရိ၀ုဏ်တွင်း၌ ယခုအခါကျောက်စာရုံနှစ်ရုံရှိသည်။ အရှေ့ရုံ၌ကျောက်စာတိုင် ၁၈၇တိုင်၊ အနောက်ရုံ၌ ၅၂၃တိုင် ရှိသည်။ အကျိုးအပိုင်းအစများ ၄၈ပိုင်းဖြစ်၍ စုစုပေါင်း ၇၅၈ ဟု မှတ်တမ်းပြုထားသည်။ ကျောက်စာတိုက်ကို သံတိုင်များကာရံကာ ဖွင့်လှစ်ထားခြင်းမရှိဘဲ လိုအပ်မှသာ ဖွင့်လှစ်ပေးခြင်းဖြစ်သည်။